ပရိတ်သတ်ကြီးရေ ဒီတစ်ခါတင်ဆက်ပေးမှာကတော့ လူသာငယ်တယ် ပညာမငယ်တဲ့ ကလေး တစ်ယောက်အကြောင်းဖြစ်ပါတယ်။ အသက်ငယ်ပေမယ့်လည်း ဝမ်းရေးအတွက် လုပ်ကိုင်နေပြီး၊ သမာအာဇီဝ ကျစွာ မိဘတွေအတွက် တစ်ဖက်တစ်လှမ်းကနေ ကူညီနေတဲ့ ကလေးတစ်ယောက်ဖြစ်ပါတယ်။ ဘုရားသမိုင်း၊ တရား သမိုင်းဆိုတာ မြန်မာလိုတောင်မှ နက်နဲတယ်ဆိုတာ ပရိတ်သတ်ကြီး အသိပါပဲ။ အခု ဗီဒီယိုဖိုင်လေးထဲက ကလေးငယ်ကတော့ ဘုရား သမိုင်းကို မြန်မာလိုအပြင် အင်္ဂလိပ်လိုပါ ရှင်းပြနိုင်ပါတယ်။ ဌာန် ကရိုဏ်း ကျကျ ပီပီ သသ ရှင်းပြနေတော့ အသံကြောင့်သာ မဟုတ်ရင် လူကြီး တစ်ယောက်က ရှင်းပြနေသလား လို့တောင် ထင်မိမှာပါပဲ။

ဘုရားဖူး ခရီသွားဧည့်သည်တွေကလည်း ကလေးငယ်ရဲ့ ရှင်းပြနေတဲ့ ပုံစံလေးကို ချစ်ခင်နှစ်သက်ခဲ့ကြပါတယ်။ စတစ်ကော်လံနဲ့ ပိုဆိုးလေးနဲ့ လွယ်အိတ်ကလေးကို စလွယ်သိုင်းပြီး ဘုရား သမိုင်း ရှင်းပြနေတဲ့ ကလေးငယ်ကို ကြည့်ရင်း သဘောကျ ကြည်နူးမိတာတော့ အမှန်ပါပဲ။ မြန်မာစကားသံနဲ့ ပီသစွာ ရှင်းပြနိုင်သလို၊ အင်္ဂလိပ်လိုပါ တစ်ချက်ခြင်း ရှင်းပြနေတော့ ခရီးသွားဧည့်သည်တွေလည်း သဘောကျမိကြတာပေ့ါ။ ဘုရားကြီး ပြိုကျခဲ့တဲ့ သမိုင်း၊ မွန်ဘုရင် အကြောင်းတွေ ကို ရှင်းပြနိုင်တဲ့ ကလေးငယ်လေးပါ။ အခုဆိုရင် ကလေးငယ်ရဲ့ ဗီဒီယိုဖိုင်လေးဟာ ကြည့်ရှုသူပေါင်း ၃ သန်းကျော် ရှိပါတယ်။ မှတ်ချက်ပေးသူတွေအနေနဲ့လည်း ချစ်စဖွယ် ကလေးငယ်ရဲ့ အမူအရာကို နဲ့ ဒီလို ပြည့်စုံအောင် ရှင်းပြနိုင်တဲ့ အတွက် ချီးကျူး နေကြပါတယ်။