ကတ်တမင်း အလေးချိန် ဝ.၄ ဂရမ် ရှိတဲ့ ဆေးပြား ၁၀ ပြားနှင့်အတူ လက်ဝယ်တွေ့ရှိခဲ့တာကြောင့် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာဥပဒေ ပုဒ်မ ၁၉ (က/၂၁) နဲ့ ရင်ဆိုင်နေရတဲ့ အဆိုတော် ဖြိုးပြည့်စုံနဲ့ သူငယ်ချင်း တေးရေးဆရာ ၂ ဦးဟာ အောက်တိုဘာလ ၇ ရက်နေ့မှာ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။

ယင်းကဲ့သို့ ဖမ်းဆီးခြင်းကြောင့် လူမှုကွန်ယက်တွေမှာ ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။ ဖြိုးပြည့်စုံတို့လက်ဝယ်တွေ့ရှိခဲ့တဲ့ ဆေးပြားတွေဟာ ပူရှိန်း ဆေးပြားတွေဖြစ်ပြီး ထိုင်းနိုင်ငံက တရားဝင်ထုတ်လုပ်ထားတဲ့ ဆေးပြားများလည်း ဖြစ်ပါတယ်။

ယနေ့ အောက်တိုဘာလ ၉ ရက်နေ့မှာတော့ ဖြိုးပြည့်စုံနဲ့အတူ သူငယ်ချင်း ၂ ဦးစလုံး အမှုမှ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့ပါပြီလို့ ဆိုပါတယ်။ယင်းကဲ့သို့ ပြန်လည် လွတ်မြောက်လာတဲ့ အတွက် ပရိတ်သတ်တွေသာမက အနုပညာရှင်မောင်နှမ အားလုံးလည်း ဝမ်းသာမဆုံး ဖြစ်နေကြပါတယ်။ ဆရာဝန်တစ်ယောက်စိတ်ဓါတ်အပြည့်ရှိပြီး ပရိတ်သတ်ကိုလည်း ချစ်ခင်တတ်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။ စိတ်ထားကောင်းမွန်တာကြောင့် အမှန်တရားတစ်ခုကို ရရှိလိုက်တယ်လို့ ဆိုရမှာပါပဲ။

ဖမ်းဆီးခံခဲ့ရစဉ်ကလည်း သတင်းပေးသူတွေကြောင့် သူ့ကို ဖမ်းဆီးတာပါ၊ အစပိုင်းမှာ ဘာမှန်း မသိလို့ လန့်ခဲ့ပြီး မိမိကိုယ်ကိုယ်ကို ယုံကြည်လို့ မကြောက်ပါဘူးလို့ ဆိုခဲ့သူဖြစ်ပါတယ်။ အဆိုတော်ဖြိုးပြည့်စုံ အခုလို လွတ်မြောက်ခဲ့တဲ့အတွက် အားလုံးနဲ့အတူ ဝမ်းသာမိပါတယ်။