ဖမ်းဝရမ်းထုတ်ခံထားရသည့် ဆရာတော် ဦးဝီရသူ ၏ ပိုင်ဆိုင်မှုမှာ သပိတ်တစ်လုံးနှင့် သင်္ကန်းသုံးစုံရှိကြောင်း ဆရာတော်၏ ပိုင်ဆိုင်မှုအား ဝရမ်းကပ်ရန်ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် စိန်ပန်းရပ်ကွက်အကွက်မှူး ဦးဋ္ဌေးကျော် က ပြောသည် ။

ဆရာတော် ဝီရသူ၏ ပိုင်ဆိုင်မှုများကို ဝရမ်းကပ်ရန် ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးက ဩဂုတ်လ ၉ ရက်နေ့က အမိန့်ချခဲ့ပြီး သြဂုတ်လ ၁၁ ရက်နေ့ ညနေပိုင်းမချိန်က သံဃာ့နာယကဆရာတော်များ၊ ရဲတပ်ဖွဲ့ နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ က မစိုးရိမ်တိုက်သစ်အတွင်းရှိ ဓမ္မသဟာယကျောင်း သို့ သွားရောက်ဆောင်ရွက်ခဲ့သည် ။

“ဆရာတော် ပိုင်တဲ့ဟာ ဘာမှ မရှိဘူး။ သံဃိက ပစ္စည်းတွေလေ ဘုန်းကြီးကျောင်း ကားတွေဘာတွေက ။ အဲ့ဒါတွေကျတော့ စာကပ်လို့မရဘူးလေ ။ အဲ့ဒါတွေကြောင့် နာယက ဘုန်းကြီးတွေ လျှောက်တယ် ။ သူပိုင်တဲ့ ပစ္စည်းဆိုလို့ သပိတ်တစ်လုံးနှင့် သင်္ကန်းသုံးစုံပဲရှိတယ် ။ သံဃိက ဖြစ်တဲ့အတွက် မစိုးရိမ်တိုက်သစ်က သံဃာတွေကို ရေစက်ချလှူထားတာ ။ သူပိုင်ဆိုင်တာ ဘာမှမရှိကြောင်းကို ဘုန်းကြီးက ထောက်ခံချက်ပေးမှာ။´´ ဟု စိန်ပန်းရပ်ကွက်အကွက်မှူး ဦးဋ္ဌေးကျော် က ပြောသည် ။

မေ လ ၅ ရက်က ရန်ကုန်တွင် ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံ ဥပဒေပါ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးနှင့် ပုဒ်မ ၂၆၁ အား ပြင်ဆင်ပေးရေး ဆန္ဒထုတ်ဖော်ပွဲတွင် ဟောပြောချက်များ သည် အုပ်ချုပ်ရေးမဏ္ဍိုင်အား စော်ကားသည် ဟုဆိုကာ အနောက်ပိုင်းခရိုင် ဒုတိယ အုပ်ချုပ်ရေးမှူးက အနောက်ပိုင်း ခရိုင် တရားရုံးတွင် အရေးယူပေးရန် ဦးတိုက်လျှောက်ထားခဲ့ခြင်း ဖြစ်သည်။

ဆရာတော်အား နိုင်ငံတော် ပုန်ကန်မှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားရုံးစွဲတင်က ဖမ်းဝရမ်းထုတ် ဖမ်းဆီးစေသော်လည်း ဖမ်းဆီးရမိခြင်းမရှိခဲ့ပေ ။

ဆရာတော်ဦးဝီရသူအား စွဲဆိုထားသော ပုဒ်မ ၁၂၄ (က) သည် အာမခံပေးမရသည့် ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားပါက ငွေဒဏ်နှင့် ထောက်ဒဏ် တစ်ကျွန်းထိကျခံနိုင်ရသော ပုဒ်မဖြစ်သည်။

The Fifth ဝေ့နယူး