အခုလို သီတင်းကျွတ် အချိန်အခါမှာ လူကြီးမိဘတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဆရာ/မ တွေကို ကန်တော့ကြတာ မြန်မာတို့ရဲ့ ထုံးတမ်းစဉ်လာတစ်ခုဖြစ်ပါတယ်။ ဒီလိုအချိန်ခါမှာ ကလေးတွေလည်း ပျော်ရွှင်ပြီး၊ မိဘ ဘိုးဘွားတွေနဲ့ ဘုရားဖူးရင်း မီးပူဇော်ကြပါတယ်။ ဒီလို ချစ်ဖို့ကောင်းတဲ့ ဓလေ့လေးကို မြန်မာနိုင်ငံ အနှံ့အပြားမှာ ပြုလုပ်လေ့ရှိပါတယ်။ ယခုလို ကောင်းမွန်တဲ့ ထုံးတမ်းစဉ်လာကိုရှမ်းပြည်နယ်(ရှေ့) ကျိုင်းတုံမြို့နယ်၊ မိုင်းခွန်ကျွေးရွာ အုပ်စု မှာ ရှိတဲ့ ပန်လီရွာလေးပါဝင် ပြုလုပ်ခဲ့ပါတယ်။ ဒီရွာလေးမှာ ပြုလုပ်တဲ့ ပွဲလေးက ထူးဆန်းပြီး ချစ်စဖွယ်လေးပါပဲ။ ဒီကျေးရွာလေးမှာ ရှိတဲ့ အခြေခံပညာအထက်တန်းကျောင်းခွဲက ကျောင်းသားကျောင်းသူတွေဟာ ဆရာ/မတွေကို ဒေသတွင်းမှာ စိုက်ပျိုးထားတဲ့ သီးနှံတွေနဲ့ ကန်တော့ကြတာဖြစ်ပါတယ်။

ဒီလို ကန်တော့ပွဲလေးကို အောက်တိုဘာလ ၉ ရက်နေ့မှာ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ကျောင်းသား/သူပေါင်း ၄၀၀ ကျော်က ဆရာ/မတွေကို မိမိတို့ အိမ်က စိုက်ပျိုးထားတဲ့ သီးနှံတွေကို ယူဆောင်လာပြီး ကန်တော့ကြတာဖြစ်ပါတယ်။ အဆိုပါ ကျေးရွာက ကျောင်းအုပ်ဆရာမကြီး ဒေါ်သူဇာတင်ကလည်း ကလေးတွေရဲ့ မိဘတွေလုပ်ကိုင်တဲ့ တောင်ယာထွက် သီးနှံတွေဖြစ်ကြောင်း၊ အခုချိန်ဟာ ကောက်သစ်ပေါ်ချိန်ဖြစ်တဲ့အတွက် သီနှံတွေယူလာနိုင်ကြောင်း၊ ဒီဒေသလေးဟာ ကြွယ်ချမ်းသာသူတွေ မဟုတ်တဲ့အတွက်ကြောင့် ယခုလို ပြုလုပ်တာဖြစ်ကြောင်း၊ အရင်တစ်နှစ်ကတည်းက ယခုကဲ့သို့ သီးနှံတွေနဲ့ ကန်တော့ခဲ့တာဖြစ်ကြောင်း၊ ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကလေးငယ်တွေ အားလုံးက သူတို့ အိမ်မှာ ရှိတဲ့ သီးနှံတွေကို ယူဆောင်လာပြီး ကန်တော့တာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဘယ်လောက်တောင် ချစ်ဖို့ကောင်းလိုက်တဲ့ ဓလေ့လဲနေ်ာ ပရိတ်သတ်ကြီး။ အခုလို တောင်ပေါ်ဒေသလေးရဲ့ ချစ်ဖို့ကောင်းတဲ့ ယဉ်ကျေးမှုလေးကို မြတ်နိုးမိတာတော့ အမှန်ပဲ။ ရိုးသားပြီး ပွင့်လင်းတဲ့ တောင်ပေါ်ဒေသလေးကို သွားလည်ကြဖို့ တိုက်တွန်းလိုက်ပါတယ်နော် ပရိတ်သတ်ကြီး။